မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်

မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်
Published 3 April 2026

မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့သည်။

ယနေ့(ဧပြီ ၃ ရက်)တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမတွင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းဖြစ်သည့် ဒုတိယသမ္မတ သုံးဦးဖြစ်သော  ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်နန်းနီနီးအေး(ကရင်ပြည်နယ်လွှတ်တော်  အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်-၁)၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဦးညိုစော(ကိုးကိုးကျွန်း မဲဆန္ဒနယ်)တို့ကို ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦး၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၅၈၆ ဦးရှိပြီး ခွင့်ပန်ကြားသူနှစ်ဦးရှိသည့်အတွက် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ၅၈၄ ဦး တက်ရောက်မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဒုတိယသမ္မတသုံးဦးကို မဲပေးရွေးချယ်ရာတွင် ဒုတိယသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထောက်ခံမဲ ...မဲ၊ ဒုတိယသမ္မတဦးညိုစောကထောက်ခံမဲ ... မဲ၊ ဒုတိယသမ္မတဒေါ်နန်းနီနီးအေးက ထောက်ခံမဲ... မဲရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ထောက်ခံမဲအများဆုံးရရှိသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာသည်။

ထို့အတူ ထောက်ခံမဲအနည်းအများအလိုက် ဒုတိယသမ္မတ(၁)အဖြစ် ဦးညိုစော၊ ဒုတိယသမ္မတ(၂)အဖြစ် ဒေါ်နန်းနီနီအေးတို့က ရရှိခဲ့သည်။

နိုင်ငံတော်သမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အသက် ၇၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပညာအရည်အချင်းအနေဖြင့် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဘာသာရပ်ကို ဒုတိယနှစ်အထိ သင်ယူခဲ့ပြီးနောက် ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်ခဲ့ပြီး စစ်တက္ကသိုလ်မှ အပတ်စဉ်(၁၉)ဆင်း တစ်ဦးဖြစ်ကာ တပ်မတော်တွင်  အဆင့်ဆင့်သောတာဝန်များကိုထမ်းဆောင်ခဲ့ပြီး ရှစ်ဦးမြောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့နောက်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် နိုင်ငံတော်အာဏာကို တပ်မတော်ကလွှဲပြောင်းရယူပြီးနောက် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရဝန်ကြီးချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ယာယီသမ္မတ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်မှ အနားယူခဲ့ပြီး ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် မတ် ၃၁ ရက်တွင်ဖြစ်လာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်ကချီးမြှင့်သည် ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ (Honoris Causa) ကိုလည်းရရှိထားသည်။

ဒုတိယသမ္မတ ဦးညိုစောသည် အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး တပ်မတော်တွင် စစ်တက္ကသိုလ်အပတ်စဉ်(၂၃)ဆင်းဖြစ်ကာ တပ်မတော်တွင် အဆင့်ဆင့်သော တာဝန်များ၊ MEC ဥက္ကဋ္ဌ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့ကာ  အမြင့်ဆုံးအဖြစ် ဗိုလ်ချုပ်ကြီးအဆင့်ရာထူးအထိရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီမင်းအောင်လှိုင်၏အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်များထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုးကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်သည်။

ထို့အတူ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး ပညာအရည်အချင်းအဖြစ် B.SC(Hons: Zoology)၊ ကွန်ပျူတာသိပ္ပံဒီပလိုမာ(D.C.Sc)နှင့် Master of Information Science(M.I.SC) တို့ရရှိထားကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတစ်ဦးဖြစ်ပြီး မူလတန်းပြ၊ အလယ်တန်းပြနှင့် ကွန်ပျူတာတက္ကသိုလ်နည်းပြ၊ လက်ထောက်ကတိကအဆင့်အထိ ထမ်းဆောင်ခဲ့သူဖြစ်ကာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် နိုင်ငံရေးနယ်ပယ်သို့ရောက်ရှိလာပြီးနောက် ပထမအကြိမ်လွှတ်တော်နှင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလများတွင် နှစ်ကြိမ်ဆက်တိုက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲဝင်နှင့် ပြည်နယ်ပါတီ ပါတီဥက္ကဌတစ်ဦးဖြစ်သလို ၂၀၂၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်မဲဆန္ဒနယ်အမှတ်(၁)တွင်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နောက်ပိုင်းတွင် နိုင်ငံတော်သမ္မတအဆက်ဆက်တာဝန်များထမ်းဆောင်ခဲ့ရာ နိုင်ငံတော် သမ္မတ ၁၀ ဦးထိ ထွက်ပေါ်ခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတမှာ စဝ်ရွှေသိုက်ဖြစ်ပြီး ၎င်း၏နောက်တွင် နိုင်ငံတော်သမ္မတများအဖြစ်  ဦးဘဦး၊ မန်းဝင်းမောင်၊ ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ ဦးသိန်းစိန်၊ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ဖြစ်ကာ ယခု ၁၁ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးချယ်တင်မြှောက်ခံရခြင်းဖြစ်သည်။

Most Read

Most Recent